The official website of Bogyoke Aung San Movie

Thursday, March 1, 2012

ဝေဖန် / အကြံပြုစာ နှင့် မှတ်တမ်းမှတ်ရာ များ ဖိတ်ခေါ်ခြင်း


       ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး  နှင့်      ပတ်သတ်၍ ဂျာနယ်  များတွင်  ပါဝင်သော   ဝေဖန် / အကြံပြုစာ နှင့် ဆောင်းပါး စသည်များကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း မှ ၀မ်းမြောက်စွာ လက်ခံကြိုဆို၍ မှတ်တမ်း အဖြစ် သိမ်းဆည်း ထားရှိပါသည် ။ သို့ဖြစ်၍ ထိုအကြောင်းအရာများပါဝင်သော ဂျာနယ် ၊ မဂ္ဂဇင်း ၊ စာစောင် စသည်တို့ကို ထပ်မံ ပေးပို့လိုပါက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်း သို့ လိပ်မူ၍ ပေးပို့ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။

1 comment:

  1. ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့်လူကို ဗိုလ်ချုပ်အကြောင်းနဲ့ ဗိုလ်ချုပ်ရဲ့ကြိုးစားအားထုတ်မှု စိတ်ထားတွေကို ရုပ်လုံးပေါ်စေတဲ့ စာအုပ်များစွာကို ဖတ်ဖြစ်အောင်၊ ဖတ်ဖို့လိုမှာပါ။ သူတို့တွေ ပိုပြီးလေ့လာဖတ်ရှုဖြစ်အောင်လည်း တိုက်တွန်း ကူညီပေးသင့်ပါတယ်။ သရုပ်ဆောင် အသစ်တွေက ရုပ်တူ၊ အသံတူ၊ ဟန်တူဖို့ကိုပဲ အဓိကဇောင်းပေးကြိုးစား နေကြမှာပါ။
    ပိုပြီး ပီပြင်ဖို့ဆိုရင် ဗိုလ်ချုပ်ရဲ့ စိတ်ဝိဥာဉ်ကို နှစ်ရှည်လများ အထုံဖြစ်သည်အထိ မွေးမြူလေ့ကျင့်ထားနိုင်ဖို့လိုပါမယ်။ "အ" တာ မဟုတ်တဲ့ အလွန့်အလွန် ရိုးသားမှု၊ ရဲရင့်မှု၊ ဥာဏ်ကြီးမှု၊ မေတ္တာတရား၊ ဇွဲသန်မှု စတဲ့ အပြုအမူတွေဟာ ခန္ဒာကိုယ်ရဲ့ ပုံမှန်လှုပ်ရှား သွားလာမှု၊ အကြည့်၊ အသံတွေမှာ စိတ်နဲ့သာ သိမြင်နိုင်တဲ့ပုံရိပ်အဖြစ် ထင်ဟပ် တည်ရှိနေတာပါ။ ဒါတွေဟာ သရုပ်ဆောင်ကောင်းယုံနဲ့ မရတဲ့အရာတွေပါ။ ၀ါသနာ အထုံဖြစ်နေမှသာ လူတစ်ယောက်ရဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပုံရိပ်အဖြစ် ဖြစ်တည်နေနိုင်တာပါ။
    ဗိုလ်ချုပ်ဟာ လူသားဆန်တဲ့ ပြည်သူထဲက လူသားတစ်ယောက်.. စူပါမင်း မဟုတ်ဘူး ဆိုပေမယ့်.. နှစ်ပေါင်း ၁၀၀ကျော်အတွင်း မြန်မာပြည်မှာ လူပေါင်းများစွာ မွေးဖွားသေဆုံးခဲပေမယ့်၊ လွတ်လပ်ရေး ကြိုးပမ်းသူတွေ ရှိခဲ့ဖူးပေမယ့် ဗိုလ်ချုပ်လိုလူ တစ်ယောက်ထဲ ပေါ်ထွန်းလာလို့သာ တိုင်းပြည်လွတ်လပ်ရေး ရခဲ့တယ်ဆိုတာ ပစ်ပယ်လို့မရတဲ့ဝိသေသ တစ်ခုပါ။ ဒီလိုလူမှာ သီးခြားဖြစ်တည်နေတဲ့ သာမှန်နဲ့မတူတဲ့ စရိုက်လက္ခဏာတွေ ရှိနေနိုင်ပါတယ်။
    မနှိုင်းကောင်းတာကို နှိုင်းယှဉ်တာမဟုတ်ပါဘူး။ ဥပမာပြရရင်.. မြတ်စွာဘုရားဟာ လူသားစစ်စစ် တစ်ယောက် ဆိုပေမယ့် ဘုရားဖြစ်မယ့်ဘ၀မှာ.. တစ်လောကလုံးမှာရှိတဲ့ လူသားတစ်ဦး တစ်ယောက်နဲ့မှ မတူတဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာပုံရိပ်တွေ ရှိနေခဲ့တာပါ။
    ဗိုလ်ချုပ်ရဲ့ ကာရိုက်တာကို လူသားဆန်ဖို့ကြိုးစားရင်း ဒီဝိသေသ လက္ခဏာတွေကို ပျောက်ပျက်မှုမရှိအောင်နဲ့ အလွန်အကျူးမဖြစ်အောင် သတိကြီးစွာ ကိုင်တွယ်ရလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
    လူသားဆန်တဲ့ စရိုက်တွေအတွက်..
    ဗိုလ်ချုပ်ဟာ တိုင်းပြည်အတွက် အားမလိုအားမရဖြစ်ပြီး မမြင်ကွယ်ရာမှာ လူသားဆန်စွာ ငိုကြွေးတာတွေလည်း ရှိနေနိုင်ပါတယ်။ ဒေါ်ခင်ကြည်ကို ချစ်တဲ့စိတ်ကြောင့် လူပျိုလေးအောင်ဆန်း လူသားဆန်စွာ လွမ်းဆွတ်မရိုးမရွဖြစ်နေနိုင်တာပါပဲ။ ရုပ်ရှင်ကြည့်ရင်း ဇာတ်ကောင်စရိုက်မှာ ၀င်ရောက်ပူးကပ်ခံစားရင်း ၀မ်းနဲ၊ ပျော်ရွှင် စိတ်ခံစားမှုတွေ ဖြစ်ပေါ်နေတာမျိုး၊ တာဝန်မကျေတဲ့ ရဲဘော်တစ်ယောက်ကို ဆူဆဲလိုက်ရပေမယ့် ရင်ထဲမှာ ပကတိရှိနေတဲ့ စာနာ၊ ညှာတာ၊ သနားကရုနာတွေက ပုံသဏ္ဍန်တစ်မျိုးနဲ့တွဲစပ်နေတာမျိုး၊ စစ်မြေပြင်မှာ ရဲဝံစွန့်စား တိုက်ခိုက်ဝံ့ပေမယ့် ရေကြောက်တာတို့၊ အမြင့်ကြောက်တာတို့.. အကောင်ဘလောင်ကြောက်တာတို့ စတဲ့ ဖိုးဘီးယား မျိုးလည်းရှိနေနိုင်တာပါပဲ။ တကယ်လို့ မှတ်တမ်းတွေအရ ရှိခဲ့မယ်ဆိုရင် ဒါမျိုးတွေကို တစ်စိတ်တစ်ဒေသ ထည့်သွင်းသွားခြင်းဖြင့် ဗိုလ်ချုပ်ဟာ သာမှန်လူသားစရိုက်တွေထက်ထူးပြီး စူပါမင်း ဖြစ်မနေဘူး၊ တကယ့်လူသား စစ်စစ်ကြီးဆိုတာ ပေါ်လွင်လာမှာပါပဲ။

    ReplyDelete